ကရဝေး

ကရဝေးပင်သည် မြန်မာနိုင်ငံ အနှံ့အပြား၌ ပေါက်သော်လည်း တနင်္သာရီ တောင်ပိုင်းတွင်သာ အမြောက်အမြား တွေ့ရသည်။ ဤအပင်သည် သစ်ကြမ်းပိုးမျိုးဝင် အပင်တမျိုးဖြစ်၍၊ သစ်ကြမ်းပိုးပင်နှင့် ဆပ်ဆင်ဆင်တူသည်။ အမြင့်မှာ ပေ ၃၀ မှ ၄၀ အထိရှိ၏။ အထက်မြန်မာပြည် တောင်ကုန်းဒေသများတွင် ဆင်ဘန်းကရဝေး ဟုခေါ်သော ကရဝေးပင်တမျိုး ပေါက်သည်။ ကရဝေးရွက်၏ ပုသဏ္ဍာန်မှာ လှံသွားပုံရှိ၍ ကြွပ်ဆတ်သည်။

ကရဝေးပင်ကို လူတိုင်း မြင်ဘူးကြမည် မဟုတ်ချေ။ သို့သော ကရဝေးအရွက် အခြောက်များကိုမူ လူတိုင်း တွေ့မြင်ဘူးရုံမက၊ မည်သို့ အသုံးချနိုင်ပုံကို သိကြပေမည်။ ဟင်းခတ်အမွှေးအကြိုင်များတွင် ကရဝေးရွက်ပါဝင်သည်။ ထောပတ်ထမင်း၊ ဒန်ပေါက်ထမင်းစသည်တို့တွင် ကရဝေးရွက်မပါလျှင် မပြီးချေ။ ဘယဆေး ဖေါ်ရာ၌လည်း ကရဝေးရွက်ပါဝင်သည်။

ကရဝေးသာ၏ အရောင်မှာ လိမ္မော်ညိုရောင် ဖြစ်၍ စမုန်စပါနံ့ သင်းလျက်ရှိသည်။ လှပ၍ အသင့်အတင့်မာသဖြင့် အိမ်ဆောက်ရန် အပြင်၊ ပျဉ်အုတ်ကြွပ်နှင့် ဘီရိုစသော အိမ်အသုံးအဆောင်များ ပြုလုပ်နိုင်သည်။ ကရဝေးသာကို အသားသေအောင် ပြုလုပ်ပြီးမှာ အသုံးချသင့်သည်။ သို့သော် သမာန် အခြောက်ခံနည်းဖြင့် အသားသေအောင် ပြုလုပ်ပါက ကောက်ကွေး ကွဲအက် တတ်သောကြောင့် ပေါင်းတင် အခြောက်ခံနည်းကိုသာ အသုံးပြုသင့်သည်။