ကလမက်ပင်သည် အနံ့မွှေးသော အသားရှိသည့် အပင်ဖြစ်၍ ထိုအသားသည် နံ့သာဆီ၊ နံ့သာဖြူ၊ အကျော်၊ စံပါ၊ ကလမက်ဟု ဆိုအပ်သော နံ့သာမျိုး ၅ ပါးတွင် ပါဝင်သဖြင့် ထင်ရှားသည်။ “ကလမက်” ဟူသော ဝေါဟာရမှာ ပသျှူးစကား ဖြစ်သည်ဟုဆို၏။ ကလမက်ကို ကရမက်ဟုလည်း ခေါ်ကြသည်။ မိန်းမတို့အသက် ကလေမက် ဟူ၍ ဆိုရိုးစကား ရှိသည့်အတိုင်း၊ မြန်မာအမျိုးသမီးကြီးငယ် အပေါင်းတို့သည် ကလမက်ကိုသွေး၍ လိမ်းကျံကြရုံမျှမက၊ သောက်လည်းသောက်ကြသည်။ သို့သော် ကလမက်တွင် ‘မြိတ်ကလမက်’ ‘တောင်ကလမက်’ ဟူ၍ နှစ်မျိုးရှိရာ၌ နှစ်မျိုးစလုံး အသားနံ့မွှေးကြသော်လည်း ရုက္ခဗေဒ အလိုအရ အမျိုးချင်း မတူကြချေ။
အထက်ပါ ကလမက်နှစ်မျိုးစလုံးပင် ပင်လတ်မျိုး ဖြစ်ကြ၍၊ မြန်မာနိုင်ငံ၌ အထူးသဖြင့် တနင်္သာရီတိုင်းတွင် အလေ့ကျပေါက်ကြသည်။ သို့သော် ကလမက်သားကို ပြည်တွင်းထွက်နှင့် မလုံလောက်၍ ပသျှူးကျွန်းဆွယ်နှင့် ယိုးဒယားနိုင်ငံများမှ တင်သွင်းရသေးသည်ကို ထောက်သဖြင့်၊ ကလမက်ပင်တို့သည် ထိုဒေသ ထိုနိုင်ငံများ၌လည်း ပေါက်ကြောင်း ထင်ရှားသည်။
မြိတ်ကလမက်ပင်တို့သည် မြန်မာနိုင်ငံ၌ တနင်္သာရီတောင်ပိုင်း တောနက်ရာဒေသများတွင် ပေါက်၍၊ မြိတ်နယ်မှ ထွက်လေ့ရှိသဖြင့် မြိတ်ကလမက်ဟုတွင်။ အားရောင် ညိုညစ်ညစ်ရှိ၍ ‘လိသည်း ကလမက်’ ဟုလည်း တွင်သည်။ ကိုယ်တွင် သွေး၍ လိမ်းထားလျှင် ရေချိုးသည့်တိုင်အောင် အနံ့သင်းသင်း စွဲကျန်ရစ်တတ်သဖြင့် ‘ရေချိုးခံ ကလမက်’ ဟူ၍လည်း အမွှမ်းတင်ကာ ခေါ်ကြသေး၏။ ကလမက်နှစ်မျိုးအနက် အသားညိုသော မြိတ်ကလမက်က တောင်ကလမက်ထက်ပို၍ ဆေးဖက်ဝင်သည်ဟု အဆိုရှိလေသည်။
ဤကလမက်သားကို ဆိုခဲ့သည့်အတိုင်း သွေးလိမ်းရန်နှင့် သွေးသောက်ရန် မှတပါး၊ အခြားပစ္စည်းအသုံးအဆောင်များ ပြုလုပ်လေ့ပြုလုပ်ထ ရှိဟန်မတူချေ။ အသားထုတ်ယူပုံမှာ အပင်ကို တောထဲ၌ သင်းသတ်၍ ဖြစ်စေ၊ ခုတ်လှဲ၍ ဖြစ်စေ၊ ပစ်ထားပြီးနောက် ၂ နှစ်ခန့် လွန်မြောက်၍ အသားဆွေးလောက်သည့် အချိန်ကျမှ အရွယ်တော် ဖြတ်စိတ်ကာ ယူငင်ကြရသည်။ ထူးဆန်းသည်မှာ ကလမက်သား လတ်လတ်၌ အနံ့မရှိ။ အသားဆွေးမှ အနံ့ထွက်လာပြီးလျှင် အသားဆွေးလေ အနံ့မွှေးလေ ဖြစ်ကြောင်း သိရပေသည်။
တောင်ကလမက်တွင် စန္ဒဝါပင်၊ မိတ်ပင်၊ မှတ်ကျောက်ပင်စသည်ဖြင့် အမည်ကွဲ များရှိသည်။ အသားနံ့ မွှေး၍ မြန်မာနိုင်ငံတွင် တနင်္သာရီတိုင်း တောင်ပေါ် သစ်တော်များ၌ အများအားဖြင့် တွေ့ရသောကြောင့်၊ ထိုအရပ်မှရသောသားကို တောင်ကလမက်ဟု ခေါ်ဆိုကြဟန်တူသည်။ အသားအရောင်မှာ ညိုညစ်ညစ် ပင်ဖြစ်၏။ သို့သော် မြိတ်ကလမက်သားထက် အရောင်ဖြော့ကာ နံ့သာဖြူရောင် ဖက်သို့ ပါသောကြောင့် ‘နံ့သာကလမက်’ ဟုလည်း တွင်သည်။ တောင်ကလမက်သားသည် လှပသည်။ ကောင်းစွာ အသားသေသည်။ ပြုပြင်ရလွယ်သည်။ ပြောင်လက်လာအောင် ပွတ်တိုက်ပေးနိုင်သည်။ ထို့ကြောင့် ဤအသားဖြင့် အလှအပ အသုံးအဆောင်များကို ပြုလုပ်ရန် သင့်တော်လေရာ၊ ၁၈၇၈ ခုနှစ်က မြန်မာတောင်ကလမက်သား အချို့ကို အင်္ဂလန်ပြည် လန်ဒန်မြို့သို့ တင်ပို့ရောင်းချခဲ့ဖူးလေသည်။