ဘုတ်ပြင်းမြို့

ဘုတ်ပြင်းမြို့သည် မြန်မာနိုင်ငံ အောက်ပိုင်း၊ တနင်္သာရီတိုင်း မြိတ်ခရိုင် အတွင်းရှိ ဘုတ်ပြင်းမြို့နယ်၏ ရုံးစိုက်ရာမြို့ ဖြစ်သည်။ တနင်္သာရီ ကမ်းခြေပေါ်တွင် တည်ရှိသည်။ မြို့နယ် အကျယ်အဝန်းမှာ ၂,၃၇၁ စတုရန်းမိုင်ဖြစ်၏။

မြို့နယ်တနယ်လုံးမှာ တောတောင်တူထပ်၍ ပင်လယ်ကမ်းခြေတွင် လမုတောများရှိ၏။ ကမ်းခြေမှာ သောင်တိမ်ဖြစ်သောကြောင့် သင်္ဘောကြီးများ မဝင်နိုင်ချေ။ ဘုတ်ပြင်းမြို့သို့ သင်္ဘောငယ်ကလေးများသာ ဝင်နိုင်သည်။ ဘုတ်ပြင်းမြို့နှင့် မိုင် ၄၀ အကွာတွင်ရှိ၍ တောအုပ်ထူထပ်သော ကျွန်းကလေးများကြားရှိ ရေကြည်တဝိုက်မှာ ပုလဲငုပ်ရာ စခန်းဖြစ်၏။ ဘုတ်ပြင်းမြို့အနီး တောင်ဖက်တွင် သံဖြူတွင်းများရှိ၍ ယင်းဒေသသို့ ကုန်းလမ်းပေါက်သည်။ ရေလမ်းလွယ်ကူသောကြောင့် ကုန်းလမ်းများ မရှိသလောက်ပင်ဖြစ်သည်။

ကမ်းခြေတလျှောက်တွင် မြန်မာလူမျိုးနှင့် မလေး (ပသျှူး) လူမျိုးတို့ နေထိုင်၍ အတွင်းဖက် မြစ်ချောင်း တလျှောက်တွင် ယိုးဒယားလူမျိုးများ နေထိုင်ကာ တောင်ပေါ်တွင် ကရင်များ နေထိုင်ကြသည်။ မြိတ်နယ်ကို ယိုးဒယားတို့ ပိုင်ဆိုင်စဉ်အခါ ဘုတ်ပြင်းသည် အရေးပါ အရာရောက်ခဲ့သော်လည်း ယခုအခါ မစည်ကားတော့ချေ။ ဘုတ်ပြင်းမြို့ လူဦးရေမှာ ၁၉၅၃ ခုနှစ် သန်းခေါင်စာရင်းအရ ၆၃၁ ယောက်ခန့် ဖြစ်လေသည်။