ပင်လယ်ကနစိုပင်ကို ရေကနစိုပင်ဟုလည်း အချို့က ခေါ်ကြသည်။ ရေချိုနှင့် ဆက်စပ်နေသော ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသ၊ တနင်္သာရီကမ်းရိုးနှင့် ရခိုင်ကမ်းရိုး တလျှောက်တို့တွင် ပေါက်သည်။ ထိုအပင်သည် အမြဲစိမ်းပင်မျိုးဖြစ်၍ မြန်မာနိုင်ငံ၌ ထင်းဆိုက်ရန် အကောင်းဆုံးသစ်ပင်တမျိုး ဖြစ်သည်။
ပင်လယ် ကနစိုပင်ကြီးများသည် အမြင့်ပေ ၆၀ မှ ၇၀ အထိ၊ ပင်စည်လုံးပတ် ၅ ပေမှ ၆ ပေ အထိ ရှိတတ်သည်။ ထင်းအဖြစ် ခုတ်လှဲပြီးသောအခါ အပင်လိုက် ထုတ်ယူရန် ခဲယဉ်းသဖြင့် တပေခန့်စီ ဖြစ်ပြီးမှ လှေများလှည်းများဖြင့် မြို့အရောက် တင်ပို့ ရောင်းချလေ့ရှိကြသည်။ ပင်လယ်ကနစိုသားသည် ခိုင်မာ၍ အလွန်းလေးသည်။ အစိမ်းလိုက်ခွဲစိတ်မှ လွယ်ကူသည်။ အသား၏ အရောင်မှာ နီညစ်ညစ်ဖြစ်၏။ ကနစိုသားကို တံတားတိုင်များနှင့် လှေကိုယ်ထည်များအဖြစ် အသုံးပြုရန်လည်း အထူးကောင်းသည်။ လှည်းဘီး၊ လှော်တက်၊ ရွက်တိုင် စသည်များအပြင် ပုဆိန်၊ လက်ကိုင်ကဲ့သို့ ခိုင်ခံသော လက်ကိုင်နှင့် အရိုးများ ပြုလုပ်ရန်အတွက်လည်း အလွန်သင့်လျော်သော အသားဖြစ်သည်။
ကနစိုပင်သည် အပေါက်မြန်၍ အစေ့ကိုသော်လည်းကောင်း၊ ကိုင်းပြတ်ကိုသော်လည်းကောင်း စိုက်ပျိုးနိုင်သည်။