ကနစိုးသီးကို မြန်မာနိုင်ငံ၌ ကလေးလူကြီး မကျန် စားဖူးကြသဖြင့် ကနစိုးပင်ကို လူတိုင်းပင် သိကြပေမည်။ ကနစိုးပင်သည် အမြဲစိမ်းပင်မျိုးဖြစ်၍ အထက်နှင့် အောက်မြန်မာပြည် မိုးများသော ဒေသများတွင်ပေါက်သည်။ အရွယ်မှာ အလတ်စားမျိုး ဖြစ်သဖြင့် အမြင့် ပေ ၄၀ မှ ၅၀ အထိ၊ ပင်စည်လုံးပတ် ၂ ပေမှ ၅ ပေ အထိသာ ရှိကြသည်။ ကနစိုးသား၏ အရောင်မှာ ညို၍ အသင့်အတင့်မာသည်။ တပို့တွဲနှင့် တပေါင်းလများတွင် ပန်းပွင့်၍ တန်ခူးနှင့် ကဆုန်လများတွင် အသီးများ မှည့်ကြသည်။ ထိုအချိန်၌ တပင်လုံး ဝါဝင်းလုမတတ် လှပစွာ တွဲရရွဲသီးနေသော ကနစိုးသီးတို့မှာ မြင်ရသူများအဖို့ သွားရည်ကျစရာ ဖြစ်တော့၏။ စပျစ်သီးခိုင်ကဲ့သို့ အပြွတ်အလိုက်၊ အခိုင်လိုက်သီးသဖြင့် အင်္ဂလိပ်လူမျိုးတို့က မြန်မာစပျစ်သီးပင်ဟူ၍ပင် အမည်ပေးထားကြသည်။
ကနစိုးသီးသည် မမှည့်သေးမီအချိန်တွင် အစိမ်းရောင်ရှိ၍ မှည့်လာသောအခါမှ ဝါလာသည်။ အခွံဝါ အတွင်းရှိ နှင်းဆီရောင် ဖျော့ဖျော့ အမြွှာသုံးခုကို လူတို့စားသုံးကြသည်။ အမြွှာများအတွင်း၌ အစေ့တစေ့စီပါရှိ၏။ ကနစိုးသီးတွင် အချို သို့မဟုတ် ချိုချဉ်မျိုးနှင့် အချဉ်မျိုးဟူ၍ နှစ်မျိုးထင်ရှားရှိသည်။
မြန်မာနိုင်ငံတွင် အစေ့များကိုသာ စိုက်ပျိုးကြသည်။ ဒပ်ချ အရှေ့အိန္ဒိယကျွန်းစုတွင်မူ အကိုင်ဆက်နည်းဖြင့် မျိုးပွားစေသကဲ့သို့ မြန်မာနိုင်ငံ၌လည်း စမ်းသပ်ကြည့်သင့်ပေသည်။
မိုးဦးကျ ဥတုပြောင်းချိန်တွင် ကလေးသူငယ်များသည် ကနစိုးသီးကို အလွန်အကျွံစားမိရာမှ ဝမ်းကိုက်ခြင်း၊ ဓာတ်လျှောခြင်းများ ဖြစ်ပွားတတ်သဖြင့် လူကြီးမိဘလုပ်သူများ သတိထားဖို့လိုသည်။
ကနစိုးသားမှာ လူအဖို့ အသုံးမဝင်လှသဖြင့် ဤအပင်ကို အသီးရရန်အတွက်သာ စိုက်ပျိုးလေ့ရှိကြသည်။