ကညင်ဆီတိုင်သည် မြန်မာကျေးရွာများ၌ မီးထွန်းရန်နှင့် မီးမွှေးရန် အသုံးပြုသော ပစ္စည်းဖြစ်သည်။ ကညင်ပင်မှရသော ကညင်ဆီဖြင့် ပြုလုပ်ထားသည်။ ကညင်ဆီကို ထုတ်ယူပုံမှာ တောတောင်၌ ပေါက်ရောက်သော လုံးပတ် ၅ တောင်မှ ၈ တောင်အထိ ကြီးမားသည့် ကညင်ပင်ကြီးတွင် အောက်ခြေအမြစ်မှာ အထက် ၃ တောင်ကွာခန့်၌ ပြက် ၂ တောင်၊ စောက် ၂ တောင်ခန့် ဓါးပုဆိန်နှင့် ထွင်းဖောက်၍ တွင်းဂလိုင် ၁ တောင်ခန့် အကျယ်ရလျှင် သစ်စသစ်ပေါက်များကို ဖယ်ရှင်း၍ သစ်ကိုင်းခြောက်များဖြင့် မီးတိုက်ရသည်။ တနေ့နှင့်တညဥ့် တိုက်သော် မီးလောင်ပြီးတွင် ဂလိုင်ထဲသို့ ကညင်ဆီများ ယိုစီးကျသည်ကို ခပ်ယူရသည်။
အပင်ကြီးလျှင် ၅ ပိသာမှ ၇ ပိသာအထိ ရရှိ၍ အပင်ငယ်လျှင် ၂ ပိသာမှ ၃ ပိသာအထိ ရရှိသည်။ ရသော ကညင်ဆီကို ကြသောင်းဝါးကျည်ဖြင့်ဖြစ်စေ၊ ကျွဲချိုခွံဖြင့်ဖြစ်စေ ထည့်ရသည်။ မြေအိုးဖြင့် မထည့်ရချေ။
ထိုနောက် ညောင်သား၊ ပေါက်သား၊ အောက်ချင်းစာသား၊ ကျည်သား၊ သရက်သား၊ သစ်ပင်သစ်ခြောက် အဆွေးများကို ထုချေ၍ သစ်သွားပျဉ်ပေါ်တွင် ကညီဆီနှင့် သမအောင် နယ်ကာ သဘော့ရွက်ခြောက်တွင် သင့်ရုံထည့်၍ အရွက်ချင်းခေါက်အုပ်ပြီးလျှင် ဝါးနှီးဖြင့် လုံစွာ ၄-၅ ချက် စည်းရသည်။ ယင်းကို ကညင်ဆီတိုင်၊ ကညင်ဆီထုပ်၊ ကညင်ဆီချောင်းဟုခေါ်သည်။
ကညင်ဆီတိုင်၏ အရွယ်ပမာဏမှာ အရှည်သုံးမိုက်ခန့်၊ လုံးပတ်ဒင်္ဂါးပြားခန့်ရှိသည်။ ကညင်ဆီတပိသာလျှင် အတိုင် ၅၀ ခန့် ရနိုင်သည်။ ကညင်ဆီကို နကျယ်ကောင်များ ကြိုက်တတ်၍ ဝါးကျည်ကို လုံစွာပိတ်ရသည်။ အဆို့မလုံသော် ခိုဝင်နေသော နကျယ်ကောင်ထွက်၍ အတုခံရလေ့ရှိသည်။
ကညင်ဆီ တတိုင်လျှင် ပြား ၄၀-၅၀ ခန့်ပေး၍ ဝယ်ယူရသည်။ ရှမ်းနှင့် ကရင်လူမျိုးတို့ အများအပြား လုပ်ကိုင်ရောင်းချလေ့ရှိသည်။
ကညင်ပင်မျိုးတွင် ကညင်နီ၊ ကညင်ဖြူ၊ ကညင်ပျံ၊ ကညင်ကုပ်၊ ကညင်ကြောင်ချေး၊ ကညင်ဝက်တောင်းဟူ၍ အမျိုးမျိုးကွဲပြားလျက်ရှိသေြာေ ကာင့် အပင်ကိုလည်းကောင်း၊ ခွဲစိတ်ပြီးကညင်သားကိုလည်းကောင်း မြင်ရုံမျှဖြင့် မည်သည့် ကညင်ပင်မျိုး ဖြစ်သည်ကို တိကျစွာ ခွဲခြားသိနိုင်ရန် ခဲယဉ်းသည်။ အထက်မြန်မာပြည်၌ ကညင်နီပင်များကို အများအပြား တွေ့ရ၍ အောက်မြန်မာပြည်၌ ကညင်ဖြူပင်မျိုးကို အများအပြား တွေ့နိုင်သည်။ ခြုံ၍ ပြောရလျှင် ကညင်ပင်တို့သည် အလွန်ကြီးမားသော အပင်မျိုးဖြစ်သည်။ အချို့သည် အမြင့်ပေ ၁၅၀ ခန့်၊ ပင်စည်လုံးပတ် ၁၅ ပေခန့် အထိရှိတတ်သည်။ ထိုကဲ့သို့ မြင့်မားသော အပင်ကြီးများတွင် အရင်းပိုင်း ပေ ၇၀ မှ ပေ ၁၀၀ လောက်အထိမှာ အကိုင်းအခက်များ ကင်းစင်ကာ ဖြောင့်စင်းနေတတ်သည်။ အခေါက်အပွေးမှာ အလွန်ချောမွတ်၏။ ကညင်ပသည် အစုလိုက်မပေါက်ဘဲ ပြောက်ကျား ပေါက်လေ့ရှိ၍ မြန်မာနိုင်ငံ၌ အမြဲစိမ်းတောများတွင် တွေ့မြင်နိုင်သည်။
ကညင်သားသည် နီညစ်ညစ် အရောင်ရှိ၍ အင်သားထက် အနည်းငယ်ညံ့သည်။ အသားကြမ်း၍ အတော်အတန် ခိုင်ခံ့သော်လည်း မြန်မာနိုင်ငံ ရာသီဥတုဒဏ်ကို ခံနိုင်ရည် မရှိချေ။ ခြလည်း အစားလွယ်သည်။ ထိုကြောင့် အသားသေအောင် ပြုလုပ်ပြီးကာမှ အသုံးချသင့်သည်။ မြန်မာနိုင်ငံတွင် ကညင်သားကို လှေများနှင့် သေတ္တာများ လုပ်ရာ၌ အသုံးများသည်။
ကညင်သားကို သစ်ကွက်လှခင်းခြင်းအတွက် သုံးနိုင်သည့်အပြင် ကရီအိုစုတ်ဆီ သုတ်ပေးလျှင် ကြာရှည်ခံသောကြောင့် နိုင်ငံခြားသို့ ရောင်းချနိုင်ဖွယ်ရာ အလားလာများစွာရှိသည်။
ကညင်ပင်မှ ရရှိသော အဆီကို အချို့တောရပ်များ၌ ရေနံဆိအစား မီးထွန်းကြသည်။ ကညင်ဆီတိုင်များအမည်ဖြင့် မီးမွှေးရန် ရောင်းချသော ကောက်ညင်းကျည်တောက် ရွယ်ရှိ ထန်းရွက်စသည်နှင့် ထုပ်စည်းထားသည့် အတောင့်ကို တွေ့ဖူးသုံးဖူးကြပေမည်။ ထိုကညင်ဆီတိုင်မှာ သစ်ဆွေး အစကလေးများကို ကညင်ဆီနှင့် နယ်ထားသည့် ပစ္စည်းပင်ဖြစ်သည်။ ကညင်ဆီတိုင်ကို မီရှူးတိုင်အဖြစ်လည်း သုံးနိုင်သည်။ ယဉ်းနေသော အနာများကို သုတ်လိမ်းပေးနိုင်သဖြင့် ဆေးဖက်ဝင်သည်။ ထားဝယ်နယ်တွင် ကညင်ဆီကို အောက်ပါ နှစ်နည်းဖြင့် ထုတ်ယူကြသည်။ ပထမနည်းမှာ ကြက်ပေါင်စေး ထုတ်ယူသကဲ့သို့ ၃ ရက်တကြိမ် ၄ ရက်တကြိမ် ပင်စည်းကို ဓါးဖြင့်ထစ်၍ ဆီထုတ်ယူနည်းဖြစ်သည်။ တနျစ်အတွင်း ကညင်ပင်တပင်မှ လေးလခန့် ထိုကဲ့သို့ ဆီထုတ်နိုင်၍ စုစုပေါင်း ကညင်ဆီပျဉ်းမျှ ၁၅ ပိသာခန့် ရနိုင်သည်။
ဒုတိယနည်းမှာ ပင်စည်ကို ဒါးဖြင့် ထစ်ပြီးသကာလ ယိုထွက် လာသော ကညင်ဆီနှင့် သစ်ရွက်ခြောက်များကို ရော၍ အပင်ရင်းကို မီးမြှိက်ပေးရသည်။ မီးမြှိက်ပြီး ၂ ရက် အကြာတွင် ထိုအပင်မှ ယိုထွက်လာသော ဆီများကို စုသိမ်းရသည်။ ထို့နောက် ၂ ရက်မျှ အနားပေးပြီးလျှင် တဖန်မီးမြိုက်၍ ဆီထုတ်ယူပြန်သည်။ ထိုနည်းအတိုင်း ဒီဇင်ဘာလမှ မေလအထိ ကညင်ဆီကို ထုတ်ယူနိုင်သည်။ သို့သော် ပထမနည်းလောက် သန့်စင်ခြင်း မရှိပေ။